header image: pushing back against IMEI registration in Myanmar

မြန်မာနိုင်ငံ IMEI အကြောင်း သိကောင်းစရာ –  အာဏာရှင်ဆန့်ကျင်ရေး တော်လှန်ရေး၏ အဓိက ကျသည့် ဆက်သွယ်ရေးကို အာဏာသိမ်း စစ်ကောင်စီက ဘယ်လို ဖြတ်တောက်နိုင်မလဲ။

Read this in English

ယနေ့မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်မှု ပြတ်တောက်ခြင်းသည် အသက်အန္တရာယ်ရှိစေသည့် ကိစ္စရပ်ဖြစ်လာပါသည်။​ အင်တာနက်၊ ဖုန်းနှင့် ဖုန်းခေါ်ဆိုရယူသော ဝန်ဆောင်မှုများကို အသုံးပြုခွင့်ကို ကန့်သတ်ထားလိုက်သဖြင့် ပြည်သူများသည် မိမိတို့ မိသားစုများကို အဆက်အသွယ် မရနိုင်၊ မိမိတို့၏ ဘေးကင်းလုံခြုံရေးနှင့် အကာအကွယ်အတွက် အရေးကြီးသော သတင်း အချက်အလက်များ မရနိုင်၊ ဆက်လက်၍ ပိုမိုဆိုးရွား၊ များပြားလာသော ပြင်းထန်သော လူ့အခွင့်အရေး ချိုးဖောက်မှုများကို မဖော်ထုတ်နိုင်ပေ။ အရေးကြီးသော ဖုန်းဝန်ဆောင်မှုများကို မည်သူက သုံးခွင့်ရှိပြီး၊​  မည်သူ့ကိုတော့ သုံးစွဲခွင့် ဖြတ်တောက်မည်ကို ဆုံးဖြတ်ရန် တချက်လွှတ်အာဏာကို အာဏာသိမ်းစစ်အုပ်စုက ရရှိသွားပါက မြန်မာနိုင်ငံရှိ အာဏာသိမ်းမှု ဆန့်ကျင်ရေး လှုပ်ရှားမှုကို တုံ့ဆိုင်းသွားစေနိုင်ပါသည်။ 

လက်ရှိ အာဏာသိမ်း စစ်ကောင်စီက စီစဥ်နေသည့် မြန်မာနိုင်ငံရှိ မိုဘိုင်းလ်စက်ကိရိယာများအတွက် နိုင်ငံတကာ မိုဘိုင်းလ် စက်ပစ္စည်း  အထောက်အထား International Mobile Equipment Identity (IMEI) နံပါတ်များ အားလုံး မဖြစ်မနေမှတ်ပုံတင်ခိုင်းခြင်း အစီအစဉ် အကောင်အထည် ပေါ်လာပါက အထက်ပါအတိုင်း ဖြစ်သွားနိုင်ပါသည်။  IMEI နံပါတ်သည် ဆယ်လူလာဖုန်းကဲ့သို့သော မိုဘိုင်းလ် စက်ပစ္စည်းအတွက် ထုတ်လုပ်သည့် စက်ရုံမှ သတ်မှတ်ပေးလိုက်သည့် သီးသန့် အထောက် အထားနံပါတ် ဖြစ်သည်။ နောက်ဆုံးရ သတင်းများအရ စစ်အုပ်စု ထိန်းချုပ်ထားသော ဘဏ္ဍာရေးနှင့် စီမံကိန်း ဝန်ကြီးဌာနက အဆိုပါအစီအစဉ်ကို အကောင်အထည်ဖော်ရန်  ဆက်သွယ်ရေးကုမ္ပဏီများနှင့် ဆွေးနွေးခဲ့ပြီး၊ ၂၀၂၂ခုနှစ်၊ ဇွန်လ၇ရက် နေ့တွင် နောက်ထပ် တစ်ကြိမ် တွေ့ဆုံထားသည်ကို သိရှိရသည်။ 

မိမိ ဖုန်း၏ IMEI နံပါတ်ကို မှတ်ပုံတင်ပါက ပိုမိုဆိုးဝါးသည့် စောင့်ကြည့်မှုခံရမှု ရှိစေနိုင်ပြီး၊ တဖက်တွင် မှတ်ပုံတင်ရန် ငြင်းဆန်ပါက ဖုန်းမခေါ်နိုင်၊ စာတိုမပို့နိုင်၊ ဖုန်းမှတဆင့် အင်တာနက် မသုံးနိုင်ခြင်း စသည့် ဆက်သွယ်ရေး ဖြတ်တောက်ခံရနိုင်သည် ဖြစ်ရာ – စစ်ကောင်စီ၏ မှတ်ပုံတင်ခိုင်းခြင်း အစီအစဥ်သည် မြန်မာနိုင်ငံရှိ ပြည်သူများအား –  ဆုပ်လည်းဆူး စားလည်းရူးမည့် အန္တရာယ်ရှိသော ရွေးချယ်မှုများကိုသာ ဖြစ်စေမည်ဖြစ်သည်။ 

IMEI မှတ်ပုံတင်ခြင်းသည် အင်တာနက် ချိတ်ဆက် အသုံးပြုမှုအပေါ် ဘယ်လိုခြိမ်းခြောက်သလဲ။

မြန်မာနိုင်ငံတွင် ၂၀၂၁ခုနှစ်၊ ဇန်နဝါရီလအထိ မိုဘိုင်းလ် ချိတ်ဆက်အသုံးပြုမှုပေါင်း ၆၉.၄၃သန်း ခန့် ရှိကြောင်း သိရသည်။ ဆိုလိုသည်မှာ လုံခြုံရေးအန္တရာယ်များကြောင့် မိမိတို့၏ ဖုန်းကို မှတ်ပုံတင်ရန် ငြင်းဆိုသည့်  သန်းပေါင်းများစွာသော ပြည်သူတို့သည် မိမိတို့၏ဖုန်းများဖြင့် စာတိုပို့ခြင်း၊ ဖုန်းခေါ်ခြင်း၊ သို့မဟုတ် မိုဘိုင်းဖုန်းမှတဆင့် အင်တာနက်အသုံးပြုခြင်းတို့ကို လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ယင်းအချက်ကို ၂၀၂၀ ခုနှစ်က အင်ဒိုနီးရှားတွင် အစိုးရအာဏာပိုင်များက IMEI မှတ်ပုံတင်ရန် သတ်မှတ်လိုက်သောအခါ မှတ်ပုံမတင်သော ဖုန်းအသုံးပြုသူများသည် လိုင်းအပိတ်ခံရသဖြင့် Wifi ဝိိုင်ဖိုင်ဖြင့်သာ ဖုန်းကို အသုံးပြုနိုင်သည့် အခြေအနမျိုးကြုံခဲ့ရသည့် ဖြစ်စဥ်တွင် တွေ့နိုင်ပါသည်။ ထို့အပြင် IMEI နံပါတ်များကို မှတ်ပုံတင်ရန် တာဝန်ပေးထားသည့် အင်ဒိုနီးရှားရှိ အစိုးရအေဂျင်စီသည် ပြည်သူများစွာ မှတ်ပုံလာတင်သောအခါ လုပ်ငန်းကို အလျဉ်မမီ အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိခြင်းကြောင့် မှတ်ပုံတင်လိုသူများသည်လည်း ဆက်သွယ်ရေးဝန်ဆောင်မှု ပြဿနာများ ကြုံခဲ့ရသည်။  

ဆက်သွယ်ရေး အင်တာနက်လိုင်းရမှု ဆိုင်ရာ စိန်ခေါ်မှုများသည် ထိုနေရာတွင် ရပ်မသွားပေ။ IMEI နံပါတ်ကို မဖြစ်မနေမှတ်ပုံတင်ခြင်းအပြင် မြန်မာစစ်တပ်သည် မိုဘိုင်းလ်ဖုန်းတိုင်းကို တစ်လုံးလျှင် အမေရိကန်ဒေါ်လာ သုံးဒေါ်လာ (ကျပ်ငွေ၆,၀၀၀ခန့်) အခွန်ကောက်ရန် စီစဉ်ထားသည်။ အာဏာသိမ်းမှုမတိုင်မီက လုပ်ဆောင်ခဲ့သည့် ဖုန်းဆင်းကဒ် မှတ်ပုံတင်ကိစ္စ တွင်လည်း​ ယင်းသို့ ဖုန်းဆင်းကတ်များကို မဖြစ်မနေမှတ်ပုံတင်ခိုင်းပါက မြန်မာ့လူဦးရေထဲမှ အမြောက်အများကို အရေးကြီးသော ဆက်သွယ်ရေး လက်လှမ်းမီ အသုံးပြုခွင့်မှ ဖယ်ထုတ်နိုင်ခြေရှိကြောင်း စိုးရိမ်မှုများ ရှိခဲ့ပါသည်။​ သို့ရာတွင် ရှေ့တိုးလုပ်ဆောင်ခဲ့မှုကြောင့်  သန်းပေါင်းများစွာသော ဆင်းမ်ကတ်များကို deactivate ပိတ်ခံခဲ့ရရာ ထိုစိုးရိမ်မှုများ အမှန်တကယ်ဖြစ်လာခဲ့သည့် သာဓက ရှိပါသည်။   အာဏာသိမ်းပြီးချိန်ကစ၍ အာဏာသိမ်းမှုကို တွန်းလှန်ရေးတွင် အင်တာနက်အသုံးပြုမှုကို ရပ်တန့်ရန် စစ်အုပ်စုက ဆင်းမ်ကတ်မှတ်ပုံတင်ခနှင့် အင်တာနက် အခွန်အခများကို အဓမ္မ တိုးမြှင့်ခဲ့သောကြောင့် မြန်မာနိုင်ငံသားများအတွက် အင်တာနက်ကို ပိုစရိတ်ကြီးစေခဲ့သည်။ 

IMEI မှတ်ပုံတင်ခြင်းသည် စောင့်ကြည့်ခြင်း၏ အန္တရာယ်ကို မည်သို့ မြင့်မားစေပြီး ကိုယ်ရေး ကိုယ်တာ အချက်အလက် လုံခြုံမှု privacy ကို မည်သို့ ပျက်ပြားစေသလဲ

အာဏာသိမ်းစစ်တပ်က စီစဥ်နေသည့်  IMEI နံပါတ် မဖြစ်မနေမှတ်ပုံတင်ခိုင်းခြင်းသည် မြန်မာနိုင်ငံရှိ ပြည်သူများ၏ ဒုက္ခဆင်းရဲကို ပိုဆိုးရွားစေမည့် ဒစ်ဂျစ်တယ် အာဏာရှင်စနစ် တည်ဆောင်မှုတွင် ထပ်တိုး လုပ်ဆောင်လာသည့် တိုက်ခိုက်မှု ဖြစ်သည်။ စစ်တပ်က ဆက်သွယ်ရေး ကုမ္ပဏီများနှင့် အင်တာနက် ဝန်ဆောင်မှုပေးသူ အားလုံးကို ၎င်းတို့၏ စနစ်များတွင် ကြားဖြတ် နားထောင်ဖတ်ရှုသော နည်းပညာများ တပ်ဆင်ရန်နှင့် အသက်သွင်း အသုံးပြုရန် အမိန့်ပေးပြီးနောက် ပြည်သူ အများအပြားအား စောင့်ကြည့်ခြင်းသည် အမှန်တကယ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီးသား ဖြစ်သည်။ ကြားဖြတ်နားထောင်သည့် နည်းပညာများ အသုံးပြုကာ အွန်လိုင်းအသုံးပြုသူများကို နောက်ယောင်ခံ စောင့်ကြည့်ခြင်းများက စစ်တပ်အား လူအများအပြားကို တပြိုင်နက် စောင့်ကြည့် နိုင်စေသည်ဖြစ်ရာ မကြာခဏဆိုသလို ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ နှိပ်စက်ခြင်း နှင့် သတ်ဖြတ်ခြင်းများ ကိုပင် ဖြစ်ပေါ်စေအထိ သက်ရောက်မှု ရှိသည်။​ သတင်းများအရ စစ်တပ်က ၄င်းနှင့် ဆက်စပ်သည့် ပြည်တွင်း ကုမ္ပဏီတစ်ခုအား IMEI မှတ်ပုံတင် စနစ်ကို လုပ်ပိုင်ခွင့် ပေးမည်ဟု သိရှိရရာ အဆိုပါ အန္တရာယ်က ပိုပြီးကြီးမားစေပါသည်။​

IMEI မှတ်ပုံတင်ခိုင်းသည့် စံနစ် အသက်ဝင်လာပါက စစ်တပ်သည် သူတို့ စောင့်ကြည့်လိုသည့် လူ၏ ဖုန်းအမျိုးအစား၊​ ဖုန်း တည်နေရာ စသည် အချက်အလက်များ အလွယ်တကူ သိရှိရယူနိုင်သည်။​ ဆော်ဒီအာရေဗျနိုင်ငံတွင် အစိုးရသည် နိုင်ငံတွင်းမှ ထွက်ပြေးသွားသည့် အမျိုးသမီးများကို ခြေရာခံရာတွင် ထောက်လှမ်းရေးအဆင့်ရှိသော ခြေရာခံ ကိရိယာများနှင့် IMEI ဒေတာကို အသုံးပြုကာ သူတို့၏ တည်နေရာကို ပေအနည်းငယ်အတွင်းအထိ အတိအကျ သိရှိနိုင်ခဲ့ကြောင်း တွေ့ရသည်။   

မြန်မာစစ်တပ်က လူထုအား ဖုန်း၏ IMEI နံပါတ်များကို မှတ်ပုံတင်ခိုင်းသည့်အခါတွင် Subscriber Identity Module (SIM) ခေါ်သည့် ဆင်းမ်ကဒ် အချက်အလက်များကိုပါ တပါတည်း ထည့်သွင်းခိုင်းနိုင်ခြေ ရှိပါသည်။​ အစောပိုင်းက ဖော်ပြခဲ့သည့်အတိုင်း မြန်မာနိုင်ငံရှိ ပြည်သူများသည် ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန် ၎င်းတို့၏ နိုင်ငံသား စိစစ်ရေးကတ် (NRIC) များကို ထည့်သွင်းထားရပြီးသား ဖြစ်သည်။ ဒါ့အပြင် အဆိုပါ ဆင်းမ်ကဒ် မှတ်ပုံတင်ရာတွင် လူ အမည်နှင့် လိပ်စာ ထည့်သွင်းတောင်းခံထားပြီး ဖြစ်သည်။​ 

အချက်အလက်ကာကွယ်မှု  စည်းမျဥ်းစည်းကမ်းများ (data protection rules) မရှိသလောက်ဟု ဆိုနိုင်သည့် မြန်မာနိုင်ငံကဲ့သို့သော နိုင်ငံများတွင်  ဆင်းမ်ကတ်ဒေတာကို IMEI နံပါတ်ဖြင့် ချိတ်ဆက်ခြင်းဖြင့် စစ်တပ်က မည်သည့်ဖုန်း၊ မိုဘိုင်းလ်ကိရိယာမဆို ၎င်းစက်ဖြင့် မှတ်ပုံ တင်ထားသော ပိုင်ရှင်ကို ခြေရာခံ လိုက်နိုင်မှာ ဖြစ်သလို၊ ၄င်း၏ ဖုန်းခေါ်ဆိုမှုနှင့် ဖုန်းဖြေဆို ပါ အချက်အလက်များကို တပါတည်း ရယူနိုင်မည့် အန္တရာယ် ရှိနေပါသည်။​ 

IMEI မှတ်ပုံတင်ခြင်းသည် ကိုယ်ရေးကိုယ်တာ လျှို့ဝှက်ထိန်းသိမ်းမှုကို မည်သို့ ထိခိုက်စေသလဲ။ ဘာကြောင့် နိုင်ငံတကာက အလေးထား တွန်းအားပေးဖို့ လိုအပ်သလဲ။

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုသည် ရုပ်ပိုင်းဆိုင်ရာ – မြေပြင်တွင် သာမက အွန်လိုင်း – ဒစ်ဂျစ်တယ် နှစ်မျိုးလုံးတွင် ဖြစ်ပွားလျက်ရှိရာ နိုင်ငံတကာ အသိုက်အဝန်း၊ နည်းပညာ ကုမ္ပဏီများ၊ ဆက်သွယ်ရေး နှင့် ကွန်ရက်ဝန်ဆောင်မှု ပေးသူများသည် မြန်မာပြည်သူနှင့်အတူ ခုခံတွန်းလှန်ရန် ရပ်တည်ရန် လိုအပ်ပါသည်။​

ဤပို့စ်ကို ထုတ်ဝေရန် ကျွန်ုပ်တို့ ပြင်ဆင်နေချိန်တွင် စစ်တပ်သည် IMEI နံပါတ် မှတ်ပုံတင်ခြင်း စည်းကမ်းချက်ကို အတည်ပြုခြင်း၊ တရားဝင် လူသိရှင်ကြား ကြေညာခြင်း မရှိသေးပေ။ သို့ဖြစ်ရာ ယခုအချိန်သည် အဆိုပါ စည်းမျဥ်း ပြဌာန်းလာပါ တုန့်ပြန် တွန်းလှန်ရမည့် အစီအစဥ်များကို ပြင်ဆင်ရမည့် အချိန်ဖြစ်သည်။ ဆက်သွယ်ရေး ကုမ္ပဏီများသည် ဤအန္တရာယ်ရှိသော လုပ်ဆောင်ချက်အသစ်နှင့် စပ်လျဉ်းသော ၎င်းတို့၏ စိုးရိမ်မှုများကို အရပ်ဘက် လူမှုအဖွဲ့အစည်းများ နှင့် ဆွေးနွေးခြင်း၊ ကိုင်တွယ်ဖြေရှင်းမည့် နည်းလမ်းများ အပါအဝင် အသုံးပြုများ၏ လူ့အခွင့်အရေး ဆိုင်ရာ ကာကွယ်ပေးရမည့် ၄င်းတို့တွင်ရှိသည့် တာဝန်ဝတ္တရားနှင့် အညီ သဘောမတူ၊ လက်မခံရန် ပြင်ဆင်ရမည် ဖြစ်ပါသည်။ နိုင်ငံတကာ အသိုက်အဝန်းသည်လည်း လူ့အခွင့်အရေးကို ကာကွယ်ရန် မြန်မာ ပြည်သူများနှင့်အတူ  ရပ်တည်ကာ၊ လက်မခံကြောင်း ထုတ်ဖော်ပြောဆို ကြရမည့် အချိန် ဖြစ်ပါသည်။ 

IMEI နံပါတ်မှတ်ပုံတင်ခြင်းနှင့် ထိရောက်သည့် အန္တရာယ် လျှော့ချရေး လုပ်ဆောင်ချက် အစီအမံများအကြောင်း အသေးစိတ် အချက်အလက်များ အတွက် ကျွနုပ်တို့၏ မြန်မာနိုင်ငံ IMEI မှတ်ပုံတင်ခြင်းဆိုင်ရာ သိကောင်းစရာ မေးခွန်းနှင့် အဖြေများကို ဖတ်ရှု့နိုင်ပါသည်။​—-